dimanche 9 août 2009

ဖက်ခွလုံး

logoကျွန်တော့်အား “ဖက်ခွလုံးရှည်”ကလေးနှင့် စတင် မိတ်ဖွဲ့ပေးသူမှာ ကျွန်တော်၏ ချစ်ဇနီး “မိ”သာ ဖြစ်လေသည်။
တချို့က သူ့ကို “ဖက်ခေါင်းအုံး”တဲ့။ တချို့က “ခွခေါင်းအုံး”တဲ့။ တချို့တွေက ကျပြန်တော့ “ခြေတင်ခေါင်းအုံး”ဆိုပဲ။
မည်သို့ပင် ခေါ်ခေါ်၊ ထိုအခေါ်အဝေါ်များ တစ်ခုမှ မမှန်ပေ။

“ခေါင်း”ဆိုသော ဦးခေါင်းနှင့် မည်သို့မျှ မပတ်သက်ဘိသကဲ့သို့ “အုံး”ခြင်း၊ သို့တည်းမဟုတ် မှီခြင်းကိုလည်း မခံရသောကြောင့် “ခေါင်းအုံး” ဟူသော ဝေါဟာရနှင့် တွဲပေးလိုက်သမျှ ဘယ်လိုမှကို မမှန်နိုင်တော့ပေ။

“မိ”ကမူ သူ့ကို “ဖက်လုံး”ဟု ခေါ်သည်။ ဒါကလည်း တစ်ဝက်သာ မှန်သည်။ တကယ်က သူ့ကို ဖက်ရုံတင်မကဘဲ ခွချင်လျှင်လည်း ခွတတ် ကြမြဲဖြစ်သောကြောင့် သူ့အသုံးတည့်ပုံအတိုင်း “ဖက်ခွလုံး” ဟုခေါ်မှသာလျှင် လုံးဝ မှန်ပေလိမ့်မည်။

ထို့ကြောင့် ကျွန်တော်ကတော့ သူ့ကို “ဖက်ခွလုံး”ဟုသာ ခေါ်ပါသည်။

---

ထိုဖက်ခွလုံးသည် ကျွန်တော့် ဖွားဘက်တော် မဟုတ်ခဲ့သည်ကတော့ အမှန်ပင်ဖြစ်ပါသည်။ သူ ရှိမှန်းသိသည့်တိုင် သူနှင့် ကျွန်တော် အကြောင်း မသင့်သဖြင့် ပတ်သက် ရင်းနှီးခွင့် မကြုံခဲ့သည်မှာ အနှစ်၃၀ကျော် ကြာပါသည်။

ကျွန်တော့်အဖေနှင့် အမေတွင် ဖက်ခွလုံး အသုံးပြုသော ဓလေ့ မရှိကြသည်က စရပါမည်။ သူတို့ သုံးကျင့် မရှိတော့ သူတို့သားဖြစ်သည့် ကျွန်တော်လည်း သုံးခွင့် မကြုံတတ်နိုင်ခဲ့ပါ။

ပိုဆိုးသည်က ကျွန်တော့် မွေးသဖခင် ကျေးဇူးရှင် “ကိုတယူသန်” (ခေါ်) “ဦးတလွဲတွေး”ပင် ဖြစ်ပါသည်။

ဖက်ခွလုံးဝေးစွ၊ မွေ့ရာနှင့် အိပ်ခွင့်ပင် အဖေက ကျွန်တော့်ကို မပေးခဲ့ပါ။ နူးညံ့ အိစက်သော မွေ့ရာသည် အကြင် လူပျိုပေါက်၏ သွေးသားကို ဆူပွက် ဆာလောင်စေသည်ဟူသော အယူအဆကို လက်ကိုင်ထားသော အဖေ့ကြောင့် ကျွန်တော်သည် လူပျိုဖော် မဝင့်တဝင် အရွယ်ကတည်းက မွေ့ရာနှင့် အိပ်စက်ခွင့်ကို (အသားလွတ်ကြီးပင်) ဆုံးရှုံးခဲ့ရပါသည်။

အဖေ မရှိတော့မှ ကျွန်တော့်ခမျာ မွေ့ရာနှင့်၊ ဘာနှင့် ပြန်အိပ်ရပါ သည်။ သို့တိုင်အောင် ဖက်ခွလုံးတော့ မပါပါ။

အမေကတော့ အဖေ မရှိတော့သည့် နောက်ပိုင်းတွင် (အဖေ့ကိုယ်စား လားတော့မသိ) ဖက်ခွလုံး တစ်လုံးကို သူ့အိပ်ရာထဲသို့ ခေါ်လာခဲ့သည်ကို တွေ့ရပါ၏။ သို့တိုင်အောင် ကျွန်တော်ကတော့ ဖက်ခွလုံးကို တတောင့်တတ မရှိခဲ့ဖူးပါ။

---

မိနှင့် ကျွန်တော် လက်ထပ်ရန် ပြင်ဆင်ကြသောအခါ မိက “ဖက်ခွလုံး”ကို ထည့်လှာပါသည်။ ဖက်ခွလုံးမပါလျှင် လုံးဝ မအိပ်တတ်ပါဟု ဆိုသော မိကို ကျွန်တော် ကောင်းကောင်း ဟားလိုက်ပါသည်။၊ (ဒါလည်း သူ့မိဘနှင့် ဆိုင်သည်။ သူ့ဖအေကို မဆုံဖူးလိုက်သော်လည်း သူ့မအေကြီးကမူ ဖက်ခွလုံး ကို မက်မက်ခြိုက်ခြိုက် ရှိလှသည်မှာ ကျွန်တော့်အမြင်လေ။)

ထို့ကြောင့် မင်္ဂလာဦး အိပ်ရာခမ်းနားဝယ်စဉ်က...

“ဖက်ခွလုံးကို မိလိုချင်ရင်တော့ ထည့်ဝယ်လေ။ ကိုယ့်အတွက်တော့ ထည့်မဝယ်နဲ့၊ ကိုယ် ဝါသနာမပါဘူး...”ဟု မိကို ပြောခဲ့ပါသည်။

ထို့ကြောင့် ကျွန်တော်တို့ မွေ့ရာခမ်းနားတွင် မွေ့ရာတစ်ချပ်၊ ခေါင်းအုံး နှစ်လုံး၊ ခြင်ထောင်တစ်လုံးနှင့် ဖက်ခွလုံးတစ်လုံးသာ ပါခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေ၊ မိနှင့် လက်ထပ်လိုက်သည့်အတွက် ဖက်ခွလုံး တစ်လုံးကတော့ ကျွန်တော်(တို့) အိပ်ရာထဲသို့ အလွယ်တကူ ချဉ်းနင်းလာခဲ့ သည်လည်း အမှန်ပင် ဖြစ်ပါသည်။

---

ညားခါစအိပ်ရာဝင်မှာ အနှီဖက်ခွလုံးသည် ကျွန်တော်တို့ လင်မယား ကြားတွင် အတော် ခလောက်ဆန်နိုင်ခဲ့သည်။ မိက အိပ်ရာထဲရောက်သည်နှင့် တစ်ပြိုင်နက် ဖက်ခွလုံးကိုသာ ဆွဲယူ ပွေ့ဖက်၊ ခွတက်တတ်မြဲဖြစ်သည်။

ဖက်ခွလုံးနှင့် ယှဉ်လာလျှင် ကျွန်တော်သည် မိ၏ လင်ငယ် ဖြစ်ဖြစ်နေတတ်ပါသည်။ ဖက်ခွလုံးကသာ မိ၏ လင်ကြီးဖြစ်သည်ဟု မိကိုလည်း ကျွန်တော် မကြာခဏ စကားနာ ထိုးဖူးသည်။ ကြာတော့ ထိုဖက်ခွလုံးကို ကျွန်တော် မုန်းထား မနာလိုတော့ပါ။

---

သည်ကြားထဲက ဘယ်လိုက ဘယ်လိုဖြစ်သွားသည်မသိ။

အိမ်ထောင်သက်တစ်နှစ်ကျော်၊ နှစ်နှစ်နီးပါးကြာသောအခါ ကျွန်တော်သည် ညတိုင်ကျလျှင် မိနှင့်ဖက်ခွလုံးလုရသည့် အလုပ်တစ်လုပ်ကို ရလာပါ သည်။

“အစကတော့ ရှင်ပဲ ဖက်လုံးနဲ့ အိပ်တာ ဝါသနာမပါဘူးဆို...”

မိက ထိုသို့ပြောကာ ကျွန်တော့်ရင်ခွင်ထဲ ရောက် ရောက်နေတတ်သော ဖက်ခွလုံးကို အတင်းပြန်လုတတ်ပါသည်။

သူနှင့် ကျွန်တော် လင်မယား အရင်းကြီးပင်ဖြစ်လင့်ကစား ဖက်ခွလုံးကိုတော့ သမဝါယမစနစ်နှင့် မျှဝေခံစားခြင်း မပြုနိုင်သည်လည်း အမှန်ပင် ဖြစ်ပါသည်။

သည်လိုနှင့် နောက်ဆုံးတွင် မိက ကျွန်တော့်အတွက် ဖက်ခွလုံး နောက်တစ်လုံးကို အိပ်ရာထဲသို့ ခေါ်သွင်းလာခဲ့ရပါတော့သည်။

---

မိ၏ဖက်ခွလုံးရောဂါသည် ကျွန်တော့်ကို ကူးစက်လာခဲ့သလို ကျွန်တော်တို့မှ ဖြစ်လာသော သမီးနှင့်သားတို့မှာလည်း မွေးရာပါရောဂါဟုပင် ထင်ရ လောက်အောင် စွဲကပ်လာသည်ကို တွေ့ရသည်။

မစွဲကပ်ပဲ ခံနိုင်ရိုးလား...

ကလေးများ မွေးဖွားပြီး အိမ်ပြန်ရောက်သည်နှင့် သူတို့ အရပ်ကလေးတွေနှင့် လိုက်ဖက်သော ဖက်ခွလုံးလေးများကို သူတို့၏ အမေနှင့် အဖွားက ဖန်တီးပေးကြပေသကိုး။

ခုတော့လည်း လက်တောက်လောက်သာ ရှိသေးသော သားတော်မောင်ကလည်း သူ့အရွယ် ဖက်ခွလုံး နှစ်လုံး ဘယ်ညာ ခြံရံကာ အိပ်တတ်သည်။ လေးနှစ်သာသာသာ ရှိသေးသော သမီးငယ် “ဘုတ်ဆုံမ”ကလည်း မိ၏ ဖက်ခွလုံးကို လုတတ်လာသည်။

သူ့အရပ်နှင့် လိုက်ဖက်သော ဖက်ခွလုံးကို မိက သီးသန့်ပေးထားသည့်တိုင် သမီးသည် သူ့မအေ၏ ဖက်ခွလုံးကိုသာ တမက်တမော ရှိလှသည်။
ထို့ကြောင့် မိသည် သူ့သမီးအတွက် နောက်ထပ် ဖက်ခွလုံး(လူကြီးဆိုက်) တစ်လုံးကို ထပ်မံ ဝယ်ယူရပြန်တော့သည်။

---

ပြဿနာက မိအမေ အိမ်လာအိပ်သည့် တစ်ညတွင် စပါသည်။

အဖွားကြီးသည်အိပ်ရာထဲရောက်သည်နှင့် ဖက်ခွလုံးကို တောင့်တ တောင်းဆိုပါတော့သည်။

မိက အိပ်ပျော်နေသော သမီးငယ်၏ ရင်ခွင်ထဲမှ ဖက်ခွလုံးကို ယူပေးလိုက်ရန် ချက်ချင်းကြံပါသည်။ (တော်တော်လည်း ဟုတ်တဲ့ မိန်းမ။ ပေးခြင်း ပေး၊ သူ့ဟာ ပေးလိုက်ပေါ့။)

“မိကလည်းကွာ၊ သမီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို။ မိရဲ့ ဖက်ခွလုံးပဲ အမေ့ကိုပေးလိုက်ပေါ့...”

“ပေးနိုင်ပေါင်တော်... မိမှ ဖက်လုံး မရှိရင် မအိပ်တတ်တဲ့ဟာကို...”

“ပေးလိုက်ပါမိရယ်၊ ကိုယ့်ဖက်ခွလုံးကို သည်တစ်ည မိယူအိပ်ပေါ့၊ ကိုယ်က ဖက်ခွလုံး မရှိလည်း အိပ်တတ်ပါတယ်၊ သွား... မိဟာသာ ပေးလိုက်...”

သူ့အတွက် အစားရဖို့ သေချာသွားတော့မှ မိလည်း သူ့အမေကို ကြည်ဖြူသွားပါသည်။ သူ့ဖက်ခွလုံးကို သူ့အမေအား တစ်ညတာ ကျေကျေနပ်နပ် ငှားလိုက်ပြီး သူကိုယ်တိုင်ကမူ ကျွန်တော့် ဖက်ခွလုံးကို မိမိရရ၊ တစ်တစ်ခွကာ စက်တော်ခေါ်ပါလေတော့သည်။

---

ဇာတ်ပေါင်းသော် ထိုညက ကျွန်တော် လုံးဝ အိပ်မပျော်နိုင်တော့ချေ။

ကျွန်တော့် ရင်ခွင်ထဲမှာ၊ ကျွန်တော့်ပေါင်အောက်မှာ တစ်ခုခုလစ်ဟာ နေသလို၊ တစ်စုံတစ်ရာ လိုအပ်နေသလို။ ဟိုဘက် စောင်းလိုက်၊ သည်ဘက် လှိမ့်လိုက်၊ မှောက်လိုက်၊ လှန်လိုက်...။

နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြသော သမီးငယ်နှင့် ဇနီးသည်တို့၏ ရင်ခွင်များထဲမှ ဖက်ခွလုံး တစ်လုံးလုံးကို ဆွဲယူလိုက်ချင်စိတ်တွေကို ကြိတ် မှိတ်မျိုသိပ်။ မျက်လုံးတွေကို ဇွတ်မှိတ်။ အိပ်လို့ကတော့ ဘယ်လိုမှ မရ။

ကျွန်တော့်ကိုယ် ကျွန်တော် မကျေနပ်။

“ဘယ့်နှယ့်ကွာ... အနှစ်၃၀လုံးလုံး ဖက်ခွလုံးမဲ့ ဘဝမှာ ကျင့်သားရခဲ့ဖူးပါလျက်ကနဲ့ ခုတော့မှ ပဇာကြောင့် ကျွန်တော် မနေတတ်၊ မအိပ်နိုင်ဖြစ် နေရပါသလဲ...”

“ကြည့်စမ်း၊ နှစ်အနည်းငယ်လောက်သာ ဖက်ဖူး၊ ခွဖူးလိုက်ရုံနှင့် ကျွန်တော် ကောင်းကောင်းကြီး အရသာ သိသွားပါပကောလား၊ ဘုရား... ဘုရား... ”

“ဟင်... ဒါဆို မိလို နှစ်ပေါင်း များစွာ ဖက်ခဲ့၊ ခွခဲ့သူ တစ်ယောက် အဖို့ ဖက်ခွလုံးကို အာသာ ငမ်းငမ်း၊ တတမ်းတတနှင့် အလွတ်မပေးချင် တော့တာဟာ သဘာဝပါကလား၊ မြတ်စွာဘုရား...”

ကျွန်တော်သည် မိ၏ ဖက်ခွလုံးအာသာကို ပထမဆုံး အကြိမ်အဖြစ် ကိုယ်ချင်းစာကာ ထောက်ညှာမိသွားရလေပြီ။ သို့သော်လည်း အိပ်ပျော်ခြင်း သည်ကား ကျွန်တော့်ထံ လုံးဝကို ရောက်မလာနိုင်တတ်သေးပေ။

လင်းလုလုအခိုက်တစ်တံ့တွင် မိသည် ဖက်ခွလုံးမှ ခွာကာ တစ်ဖက်သို့ လှည့်စောင်းသွားသည်ကို တွေ့လိုက်၏။ မိမှ ဟိုတစ်ဘက်သို့ ပြည့်ပြည့် မလှည့်မိသေးခင်တွင်ပင် ကျွန်တော်သည် မိ ယာယီစွန့်ခွာသွားသော ဖက်ခွလုံးကို တမ်းငင် တွယ်မက်စွာဖြင့် ဆွဲယူ ဖက်ခွလိုက်မိရပါတော့သည်။

ယင်းသည်၏ နောက်တွင်ကား နာရီပေါင်းများစွာကတည်းက ကျွန်တော့်အပါးတွင် ရစ်ဝဲနေသော အိပ်ပျော်ခြင်းဟူသည့်အရာသည် ကျွန်တော့် ထံ မြန်မြန်သာသာ ရောက်လို့လာပါတော့သည်။

---

အကယ်တန္တု...

ကျွန်တော့်အား ဖက်ခွလုံးရှည်ကလေးနှင့် စတင်မိတ်ဖွဲ့ပေးသူမှာ ကျွန်တော်၏ ချစ်ဇနီး “မိ”သာ ဖြစ်လေသည်။

--------------------------------------------

(၁၉၉၆ခုနှစ် ဒီဇင်ဘာလထုတ် သရဖူမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၁၆၁၁/၂၀၀၃(၁၁)ဖြင့်၂၀၀၄ခုနှစ် ဇွန်လမှာ ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ “ခြေရာပြိုးပြောက် လွမ်းပွင့်ကောက်သီ” ခေါင်းစဉ်ပါ ကိုယ်တိုင်ကြုံ ၀တ္ထုတိုများစာအုပ်ထဲမှာ ထည့်သွင်းဖော်ပြထားတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို ပြန်လည်ဖော်ပြထားတာဖြစ်ပါတယ်။)